Wednesday, February 3, 2010

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကိုခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကိုဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကိုဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှားစွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာရှာဖွေလို့ ရနိုင်ပါတော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

www.burmaborn.blogspot.com မှကူးယူဖော်ပြပါသည်။ တန်ဖိုးရှိသောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

မြင့်မြတ်သော နုလုံးသားပိုင်ရှင်




ကျပ် ၇ဝ နဲ့ ထမင်းတစ်နပ်ရောင်းတဲ့ ဆိုင်
ဇွန်ပန်းပွင့် ဇန်နဝါရီ ၁၇ ၊၂၀၁၀။

သူတို့ရဲ့ဆံပင်တွေက နီကြောင်ကြောင်ဖြစ်နေတယ်။ ဖုတ်သိုက်သိုက်ဆံပင်ရှည်အုပ်ကြီးတွေက သူတို့ရဲ့ မျက်နှာတွေကို အရွယ်နဲ့မလိုက်အောင် ရင့်ရော်စေပါတ်။ သူတို့တွေနားကပ်ရင် ကာဘော်လစ် ဆပ်ပြာနံ့လိုလို ပြင်းရှရှအနံ့ဟာ မခံနိုင်လွန်းအောင် နံစော်နေတယ်။

ဖာထေးရာတွေ ထင်သာမြင်သာလွန်းတဲ့ ညစ်ထူထူ ရှပ်အင်္ကျီဝတ်လူတွေ၊ ကာဘော်လစ်အနံ့တွေကြိုင်နေတဲ့ ယောက်ျားကြီးတွေဟာ ပင်ပန်းတဲ့ တစ်နေ့တာအလုပ် ပြီးချိန်မှာ လွယ်အိတ်စုတ်လေးတွေကို စလွယ်သိုင်းပြီး အဲဒီထမင်းဆိုင်နားမှာ အုံနေတတ်တယ်။

ဒေါ်လွင်လွင်မေက တစ်နေ့ကို အသားငါး၊ ဟင်းသီးဟင်းရွက် ဟင်းအမည်(အမယ်) ၁၅ မျိုးလောက်ကို အကူမပါ ကိုယ်တိုင်တစ်ဦးတည်း ချက်ပြုတ်ပြင်ဆင်ပြီး ညနေ အလုပ်ကြမ်းသမားတွေ အလုပ်သိမ်းချိန်မှာ ခင်းကျင်းရောင်း ချနေတဲ့ဆိုင် ဖြစ်ပါတယ်။

“လက်လုပ်လက်စား တော်တော်များများက ကျပ်တည်းကြပါတယ်။ ဆင်းရဲကြတယ်။ အဲဒီလို ဆင်းရဲတဲ့သူ တွေရဲ့ အခက်အခဲကို ဘယ်လိုကူညီသင့်သလဲဆိုပြီး စဉ်းစားကြည့်တယ်။ နောက်ပြီး ကြီးမေတို့မြန်မာ လူမျိုးတွေက ထမင်းကြိုက်တတ်တယ်။ ငါးပိကြိုက် တတ်တယ်။ အသားငါးလေးကိုလည်းစားချင်တာလေး စားရအောင်ဆိုပြီး အဲဒီလိုလူမျိုးတွေကို ဝက်သားဟင်းဆိုလည်း ၅ဝ ဖိုး ရော့ အင့် ဆိုပြီး ထမင်းလေးနဲ့ ဟင်းလေးနဲ့ ငွေလေး ၇ဝ - ၈ဝ (ကျပ်) ပါလာတယ်ဆိုလည်း ရော့ ထမင်းရော ဟင်းရောယူ ဆိုပြီးရောင်း တယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ ဒါနလေးလည်း မြောက်အောင်ပေါ့ သမီးလေးရယ်” လို့ အဲဒီလုံမေခင် ထမင်းဆိုင်ပိုင်ရှင် ဒေါ်လွင်လွင်မေက ပြောပြပါတယ်။

“ကျွန်မ ငွေငါးသိန်းဖိုး၊ ၁ဝ သိန်းဖိုးကို တစ်ပြိုင်နက်တည်း မလှူနိုင်ပါဘူး။တစ်နေ့ကို ၅ဝ၊ ၁ဝဝ နဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုး ပီပီ၊ နိုင်ငံကြီးသားပီပီ ဒီလုပ်ငန်းကို လုပ်တာ။ အထွတ်အမြတ်လည်းဖြစ်တယ်။ ကုသိုလ်လည်းရတယ်။ ဝမ်းလည်း ဝတယ်ဆိုတဲ့ စိတ်ကူး လေးနဲ့လည်း လုပ်တယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုဘာမှ မပါပါဘူး။ ဒီကုသိုလ်ပဲ ပါမှာပါ။ အဲဒါကြောင့် ဒီထမင်းဆိုင်မျိုးကို ဖွင့်ဖြစ်တာပါ” လို့ ဒီဆိုင်ဖွင့်လာတာ ခုနစ်နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ဒေါ်လွင်လွင်မေက ပြောပြပါတယ်။
ထမင်းဆိုင်စဖွင့်တဲ့အချိန်တုန်းကဆို ဟင်းအမယ်(၂၃)မျိုးလောက်ကို သူတစ်ဦးတည်းစီမံပြီး ရောင်းချခဲ့ တယ်လို့ ပြောပြပါတယ်။

“စရောင်းတုန်းက ထမင်းတစ်ပွဲ ၅ဝ၊ ဟင်းတစ်ပွဲ ၅ဝ နဲ့ ရောင်းတယ်။ တဖြည်းဖြည်း နည်းနည်းဈေးတက် လာတော့ ထမင်း ၁ဝဝ၊ ဟင်း ၁ဝဝ နဲ့ ရောင်းပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံ ၅ဝ တန်၊ ၂ဝ တန် အဟောင်းလေးတွေ လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီး လာဝယ်ရှာတဲ့သူတွေကိုလည်း ဟင်းရော၊ ထမင်း ရောရောင်းပြီး ပေးသလောက် ယူပါတယ်” လို့ ဆိုပါတယ်။

ဟင်းတွေကတော့ အမယ်တော်တော် စုံပါတယ်။ ဝက်သားဟင်း၊ ဝက်ကလီစာ၊ ဆိတ်ခေါင်း၊ ဆိတ်ကြော၊ အမဲသား၊ ချဉ်ပေါင်ကြော်၊ အာလူးကြော်၊ အစိမ်းကြော်၊ ငါးပိကြော်၊ ငါးလေးဟင်း၊ ကြက်သား စတာတွေကို အသားဟင်း တစ်ပွဲ (၁ဝဝ) အသီးအရွက် (၅ဝ) နဲ့ရောင်းပါတယ်။

“ဟင်းတွေကို ဈေးပေါပေါနဲ့ရောင်းနိုင်အောင် မနက်ဆို ဈေးပေါင်ကျိုးလေးကို သွားတယ်။ ပြီးတော့ ဘယ်ဈေးလဲလို့ မေးလိုက်တယ်။ သူတို့က ဈေးကောင်းကောင်း (ဈေးကြီးကြီး) ပြောတယ်။ အဲဒီလိုဆို ကျွန်မက တောင်းပန်ပြီး ကျွန်မ ရောင်းတဲ့နေရာလေးက ဆားစက်၊ ကျောက်စက်၊ အုတ်သဲကျောက် အထမ်းသမား၊ အလုပ်ကြမ်းသမားလေးတွေ ရှိတဲ့ အတွက်ကြောင့် ဆင်းရဲတဲ့ ရပ်ကွက်ကလေးဖြစ်တဲ့ အတွက်ကြောင့် သူတို့လေးတွေ မစားနိုင်မှာစိုးလို့ ဈေးရောင်းတဲ့ သူလည်းမရှုံးအောင် ကျွန်မကိုဈေးချိုတဲ့ နှုန်းလေးနဲ့ ရောင်းပေးပါဆိုပြီး အချိုသာဆုံးပြောပြီး ကိုယ့်ဟာကိုယ် ငရုတ်သီးထောင်းပြီး ဟင်းကောင်း ကောင်းလေး ချက်ပြီး ရောင်းပါတယ်။

သူတို့တွေ ဖောဖောသီသီ လောက်လောက်ငင စားနိုင်အောင် ပိဿာလိုက် ဝယ်ပြီး ချက်ပါတယ်။ တစ်နေ့ကို ၃,ဝဝဝ ဝန်းကျင် လောက် မြတ်ပြီး ဟင်းတွေ ကျန်ရင်တော့ ကြီးမေငိုပြီး အိမ်ကိုပြန်ရတာပေါ့၊ သူတို့ လုပ်ငန်းလေး အဆင်ပြေလို့ ဈေးထဲမှာ ဟင်းကောင်းကောင်း သွားဝယ်စားရင် ကြီးမေ မရောင်းရဘူး။ သူတို့လုပ်ငန်းလေး ပါးရှားရင်တော့ ကြီးမေ ကြီးဆိုင်မှာ ၁ဝဝ ဖိုး ပေးပါ၊ ၅ဝ ဖိုး ပေးပါနဲ့ လာတောင်း တယ်။

တချို့လည်း မော်တော်ကားကြီးနဲ့ မြို့ထဲက လာပြီး ဟင်းကောင်းတယ် ကြားလို့ လာဝယ်စားကြတယ်။ တချို့က ဟင်း(၃ဝဝ)ဖိုး ဝယ်တယ်။ (၅ဝဝ)တန် ပေးပြီး (၂ဝဝ )ကျန်တာ ပြန်အမ်းရင် မယူဘူး။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်မယ်ဆိုပြီး မုန့်ဖိုးပေးသွား တယ်” လို့ သူက ဆက်ပြောပါတယ်။

“အဲဒီလို လူမျိုးတွေကို ရောင်းရလို့ တစ်ခါတလေမှာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ဝိုင်းရပါတယ်။ တချို့လာဝယ်တဲ့ သူတွေထဲမှာ စီးစီး ပိုးပိုးလည်း ပါပါတယ်။ ကြီးမေက အများကြီး ထည့်ပေးတာတောင် တချို့က နည်းတယ်လို့ထင်ပြီး ထပ်ထည့်ခိုင်းတယ်။ နောက်တစ်ခုက လူတွေအုံနေရင် လက်ကြီးက ငါးကြော်တွေ နှိုက်ခိုးတယ်။ အဲဒီအခါကျရင် တုတ်ကလေး ကောက်ပြီး အဲဒီခိုးတဲ့လက်ကို တောင်ခနဲ မြည်အောင်ခေါက်ရတယ်။ ဟဲ့ သူခိုး သူခိုး လို့ မအော်ရက်ဘူး။ အဲဒီလောက်ထိ စေတနာကောင်းပါတယ်။ ပိုက်ဆံမပေးဘဲ ထွက်သွားတဲ့လူတွေ၊ မပေးဘဲနဲ့ ပေးတယ်ဆိုပြီး ငြင်းတဲ့လူတွေ၊ ပိုက်ဆံထက်ပိုင်းပြတ် ပေးတဲ့လူတွေ စတာတွေနဲ့လည်း ကြုံရပါတယ်” လို့ သူ့ရဲ့ထမင်းဆိုင်အတွေ့အကြုံတွေကို ဒေါ်လွင်လွင်မေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

“ဘယ်မှာမဆို အကုန်လုံးက ချမ်းသာတဲ့လူမျိုးတွေ မဟုတ်ပါဘူး။ ထမင်းဟင်း ၅ဝ ဖိုး၊ ၁ဝဝ ဖိုးရောင်းတဲ့ နေရာတွေက ဟင်းဈေးကြီး ပေးဝယ်မစားနိုင်တဲ့ သူတို့လို အလုပ်ကြမ်းသမားတွေအတွက် အထောက်အကူ ဖြစ်မှာပါ” လို့လည်း သူက ဆက်ပြောပြပါတယ်။


လုံမေခင်ထမင်းဆိုင်လေးကို စက်ဆန်း အေပီစီမှတ်တိုင်အနီး၊ သမိန်ပရမ်းလမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ အားပေး သုံးဆောင် နိုင်ပါတယ်။
ဇွန်ပန်းပွင့်

(မြန်မာပြည်မှဇွန်ပန်းပွင့်ဆိုသည့် သတင်းထောက်တစ်ဦး Myanmar Times တွင်ရေးသားထားသည့် Feature လေးတစ်ပုဒ်ကို ဆရာရော်နယ်အောင်နိုင် မှမျှဝေခံစားနိုင်ရန် ပေးပို့ထားပါသည်။ ဤရသဆောင်းပါးကို ကောင်းဝါသတင်းဌာန စာဖတ်ပရိသတ်များအတွက် ဝေမျှခံစားနိုင်ရန်အလို့ငှာ ထပ်ဆင့်ကူးယူ ဖေါ်ပြထားခြင်း ဖြစ်ပါကြောင်း။)